International News

စင်ကာပူနိုင်ငံတွင် SMS မက်ဆေ့ဖြင့် ငွေကြေးလိမ်လည်မှုများပေါ်ပေါက်လျက်ရှိသောကြောင့် ဘဏ်များသည် ရက်သတ္တနှစ်ပတ်အတွင်း ၎င်းတို့၏ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းဝန်ဆောင်မှု အပိုင်းတွင် လုံခြုံမှုအဆင့်အတန်းများကို တိုးမြှင့်ဆောင်ရွက်သွားရန်ရှိခြင်း

Last Updated:

စင်ကာပူနိုင်ငံရှိဘဏ်များသည် လာမည့်ရက်သတ္တနှစ်ပတ်အတွင်း ၎င်းတို့၏ဘဏ်များတွင် ပုဂ္ဂိုလ်ရေးအတွက် ဘဏ်စာရင်း ဖွင့်လှစ်အသုံးပြုနေသူ (Retail Customer) များထံသို့ ပေးပို့သော SMS မက်ဆေ့ သို့မဟုတ် အီးမေးလ်များတွင် အလွယ်တကူ နှိပ်နိုင်သော Link များထည့်သွင်းမှု ကိုဖယ်ရှားခြင်းကဲ့သို့သော ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းဝန်ဆောင်မှုအပိုင်းတွင် လုံခြုံမှုအဆင့် အတန်း ကောင်းမွန်လာစေမည့်အစီအမံများကို လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရှိရပါသည်။

လတ်တလောတွင် ဘဏ်စာရင်းဖွင့်လှစ်အသုံးပြုနေသူများကိုပစ်မှတ်ထားကာ ဘဏ် စာရင်းအသုံးပြုသူ၏အချက်အလက်များကို SMS မက်ဆေ့မှတစ်ဆင့်ရယူ၍ ငွေကြေးလိမ်လည်မှုများ (SMS phishing scams) ပေါ်ပေါက်လျက်ရှိသဖြင့် ထိန်းချုပ်ဟန့်တားမှု အစီအမံများကို ချက်ချင်းလုပ်ဆောင်ရန်လိုအပ်လာပြီး၊ လာမည့်လများတွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် ရေရှည် ကြိုတင်ကာကွယ်မှုအစီအမံများကိုလည်း စိစစ်အကဲဖြတ်လျက်ရှိသည်ဟု စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့(MAS)နှင့် စင်ကာပူ နိုင်ငံရှိ ဘဏ်များအသင်း (ABS) တို့က ၁၉ - ၁ - ၂၀၂၂ ရက်နေ့တွင် ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။ ငွေရေး ကြေးရေးအဖွဲ့အစည်းအားလုံး အနေဖြင့် လိမ်လည်လှည့်စားမှုများအား ကာကွယ်တားဆီးဖော်ထုတ်နိုင်သော၊ လိမ်လည်မှုဖြစ်ပွား လာချိန်တွင် ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်း၍ Customer များကို ဝန်ဆောင်မှုပေးနိုင်သော အစီအမံများကို ချမှတ် ဆောင်ရွက်သွားရန်လိုအပ်သည်ဟုလည်း အဆိုပါကြေညာချက်တွင် ထည့်သွင်း ဖော်ပြထားပါသည်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် OCBC ဘဏ်၏ Customer ၄၇၀ နီးပါးသည် SMS phishing scams ငွေကြေးလိမ် လည်မှုများကြောင့် အနည်းဆုံး စင်ကာပူဒေါ်လာ ၈.၅ သန်း ဆုံးရှုံးခဲ့ရပြီး၊ ထိုကဲ့သို့ လိမ်လည်ခြင်းခံခဲ့ရသူများတွင် စင်ကာပူဒေါ်လာ တစ်သိန်းနီးပါး ဆုံးရှုံးခဲ့ရသော သားသမီးခုနစ်ဦး၏မိခင်တစ်ဦးနှင့် အိမ်ထောင်သည်ဘဝတစ်ခုထူထောင်ရန်အတွက် စင်ကာပူ ဒေါ်လာ ၁၂၀,၀၀၀ ကို ငါးနှစ်ကြာစုဆောင်းခဲ့ကြသော အသက် ၂၀ အရွယ် စုံတွဲတစ်တွဲတို့လည်း ပါဝင်ကြောင်းသိရှိရပါသည်။

လိမ်လည်ခြင်းခံရသူများမှာ OCBC ဘဏ်အယောင်ဆောင်၍ ပေးပို့လာသော SMS မက်ဆေ့များကို လက်ခံရရှိခဲ့ကြပြီး၊ ယင်းမက်ဆေ့များတွင် ၎င်းတို့၏ ဘဏ်အကောင့်များသည် ပြဿနာများရှိနေသည်ဟုဖော်ပြကာ မက်ဆေ့တွင် ထည့်သွင်း ထားသည့် Link ကို နှိပ်ရန် တောင်းဆိုခြင်းခံရကြောင်းနှင့် အဆိုပါ Link ကိုနှိပ်ပါက ဘဏ် Website အတုဆီသို့ ဦးတည် ရောက်ရှိသွားကာ ၎င်းတို့၏ အင်တာနက်ဘဏ်အကောင့်များကိုဝင်ရောက်နိုင်သော အသေးစိတ် အချက်အလက်များအား မေးမြန်းခြင်းခံခဲ့ရကြောင်း ဖော်ပြထားပါသည်။

OCBC ဘဏ်သည် SMS phishing scams ဖြင့် ငွေကြေးလိမ်လည်ခြင်းခံခဲ့ရသော ၎င်း၏ Customer များအားလုံးအတွက် လာမည့်အပတ်တွင် ၎င်းတို့ဆုံးရှုံးခဲ့ရသောပမာဏကို ကာမိ စေမည့် ငွေထုတ်ပေးမှုများ (Goodwill payouts) ဆောင်ရွက် ပေးသွားမည်ဟု ၁၉ - ၁ - ၂၀၂၂ ရက်နေ့တွင် ကြေညာခဲ့ပြီး၊ လက်ရှိအချိန်အထိ လိမ်လည်ခံရသူ ၁၀၀ ကျော်ကို ငွေထုတ် ပေးခဲ့ပြီး ဖြစ်ကြောင်းနှင့် ဤကဲ့သို့သောလိမ်လည်မှုများနှင့်ပတ်သက်၍ အခြားပြည်တွင်းဘဏ်များ၊ စင်ကာပူရဲတပ်ဖွဲ့နှင့် တရားရုံးချုပ် တို့မှလည်း သတိပေးချက်များကို ထုတ်ပြန်ခဲ့ကြကြောင်း သိရှိရပါသည်။

MAS နှင့်ညှိနှိုင်းဆွေးနွေးချက်အရ စင်ကာပူရှိဘဏ်များမှ လာမည့်ရက်သတ္တနှစ်ပတ်အတွင်း ဆောင်ရွက်ရမည့် အစီအမံများမှာ (က) Retail Customer များထံသို့ပေးပို့သော အီးမေးလ် သို့မဟုတ် SMS များတွင် နှိပ်နိုင်သော Link များထည့်သွင်းမှုကိုဖယ်ရှားခြင်း၊ (ခ) စင်ကာပူဒေါ်လာ ၁၀၀ သို့မဟုတ် ၁၀၀ အောက်ရှိသော ငွေပမာဏလွှဲပြောင်းခြင်း အတွက်သာ အကြောင်းကြားချက် (notification) ကို Customer များထံသို့ပေးပို့ခြင်း၊ (ဂ) မိုဘိုင်းကိရိယာတွင် Soft Token အသစ်ကို Activate မပြုလုပ်မီ အနည်းဆုံး ၁၂ နာရီနှောင့်နှေးထားခြင်း၊ (ဃ) Customer ၏ ဖုန်းနံပါတ် သို့မဟုတ် အီးမေးလ်လိပ်စာ ပြောင်းလဲရန်တောင်းဆိုလာချိန်များတွင် ဘဏ်တွင် စာရင်းသွင်းထားသော လက်ရှိ ဖုန်းနံပါတ် သို့မဟုတ် အီးမေးလ်လိပ်စာသို့ အကြောင်းကြားပေးခြင်း၊ (င) Customer ၏ ဘဏ်စာရင်း၏ အဓိကအချက်အလက်များအား ပြောင်းလဲ ပေးရန် တောင်းဆိုလာမှုများကို ဆောင်ရွက်ပေးခြင်းမပြုလုပ်မီ ဆိုင်းငံ့ကာလကဲ့သို့သော အကာအကွယ် ပေးမှုများ ထပ်ဆင့် ပြုလုပ်ခြင်း၊ (စ) လိမ်လည်မှုဖြစ်နိုင်သောကိစ္စများနှင့်ပတ်သက်၍ Feedback များကို ကိုင်တွယ်ဖြေရှင်းရန်အတွက် သေချာ လေ့ကျင့်ပေးထားသောသီးသန့်ကူညီရေးအဖွဲ့များ ဖွဲ့စည်းထားရှိခြင်း၊ (ဆ) လိမ်လည်မှုနှင့်ပတ်သက်၍ ပညာပေးသောသတိ ပေးချက်များကို မကြာခဏ ပြုလုပ်ခြင်းတို့ ဖြစ်ကြပါသည်။

ဤကဲ့သို့ လုံခြုံရေးတင်းကျပ်လိုက်သည့်အစီအမံများကြောင့် အချို့သောအွန်လိုင်းဘဏ် ဝန်ဆောင်မှုများမှာ အချိန်ပိုကြာသွား မည်ဖြစ်သော်လည်း Customer ၏ ပိုင်ဆိုင်ငွေကို ပိုမို ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း၊ Customer များ၏ သတိရှိမှုသည်လည်း အရေးအကြီးဆုံး ဖြစ်သောကြောင့် လိမ်လည်လှည့်စားမှုများကိုရှောင်ရှားနိုင်ရန် Customer များအနေဖြင့် (က) SMS သို့မဟုတ် အီးမေးလ်တွင် ပါလာသော Link များကို မနှိပ်ရန်၊ (ခ) အင်တာနက်ဘဏ်စာရင်း၏ အချက်အလက်အထောက်အထားများ သို့မဟုတ် စကားဝှက်များကို မည်သူတစ်ဦးတစ်ယောက် ကိုမျှ ထုတ်ဖော်ပြောဆိုခြင်းမပြုလုပ်ရန်၊ (ဂ) လက်ခံရရှိသော SMS များ သို့မဟုတ် အီးမေးလ်များ ကို ဘဏ်၏တရားဝင် Website တွင် ဖော်ပြထားသော hotline သို့ တိုက်ရိုက်ခေါ်ဆို၍ အတည် ပြုရန်၊ (ဃ) ငွေပေးငွေယူမှုများမပြုလုပ်မီ ဘဏ်၏တရားဝင် Website သို့မဟုတ် မိုဘိုင်း အပလီကေးရှင်းမှတစ်ဆင့် ပြုလုပ်နေခြင်း ဟုတ်/မဟုတ်စစ်ဆေးအတည်ပြုရန်၊ (င) မိမိမှ ဆောင်ရွက် ခဲ့ခြင်းမဟုတ်သော ငွေပေးချေမှုများကို အမြန်ဆုံးအစီရင်ခံ တင်ပြ နိုင်ရန်နှင့် ပြန်လည်ရယူနိုင်သော အခွင့်အလမ်းများရှိစေရန်အတွက် ငွေပေးငွေယူမှုဆိုင်ရာ notification များကို အနီးကပ် စောင့်ကြည့်ရန် လိုအပ်မည်ဖြစ်ကြောင်း ပူးတွဲကြေညာချက်တွင် ဖော်ပြထားပါသည်။

SMS phishing scams လိမ်လည်မှုများနှင့်ပတ်သက်၍ စင်ကာပူရှိဘဏ်များသည် စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့(MAS)၊ စင်ကာပူရဲတပ်ဖွဲ့နှင့်သတင်းအချက်အလက်ဆက်သွယ် ရေးမီဒီယာအာဏာပိုင်အဖွဲ့ (IMDA) တို့နှင့် အနီးကပ်ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပြီး၊ သက်ဆိုင်သူအားလုံးမှ SMS ပေးပို့သူ ID မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ခြင်းအပါအဝင် SMS အတုအယောင်များကို တိုက်ဖျက်နိုင်မည့်နည်းလမ်းများကို လုပ်ဆောင်သွားရန်ရှိကြောင်း၊ စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့သည် အွန်လိုင်းမှလိမ်လည်လှည့်စားမှုများနှင့်ပတ်သက်၍ စင်ကာပူရှိအဓိကဘဏ္ဍာရေးအဖွဲ့အစည်းများ၏ စောင့်ကြည့်ရေးအစီအမံများ မှာ ပြည့်စုံလုံလောက်မှုရှိ ကြောင်းသေချာစေရန်အတွက် စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူမြို့)            

သတင်းရင်းမြစ်။          ။ The Business Times, The Straits Times, Monetary Authority of Singapore

 

Category: International News